ဒေါ်စုစန္ဒာဇော်

ဒေါ်စုစန္ဒာဇော်သည် စီးပွားရေးလုပ်ငန်းဆိုင်ရာ အကြံပေးဝန်ဆောင်မှုနယ်ပယ်တွင် အတွေ့အကြုံရင့်ကျက်သူ တစ်ဦး ဖြစ်ပြီး ကော်ပိုရိတ်ဘဏ္ဍာရေး၊ စီမံခန့်ခွဲမှုဆိုင်ရာ အထူးအတိုင်ပင်ခံအဖြစ် ဆောင်ရွက်ပါသည်။ ထို့ပြင် ၎င်းတွင် မြန်မာနိုင်ငံနှင့် စင်ကာပူနိုင်ငံတွင် 17 နှစ်ကျော် အလုပ်လုပ်ကိုင်ဖူးသည့် အတွေ့အကြုံရှိပြီး CPA backgroundရှိသူတစ်ဦးလည်းဖြစ်သည်။ အထူးသဖြင့် ဘဏ်လုပ်ငန်းနှင့် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုကုမ္ပဏီများ၏ ဘဏ္ဍာရေးစီမံခန့်ခွဲခြင်း၊ portfolio စီမံခန့်ခွဲခြင်း၊ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာအကြံပေးခြင်း၊  လုပ်ငန်းတန်ဖိုး တိုင်းတာခြင်း(Business Valuation) နှင့် financial model များ တည်ဆောက်ခြင်းတို့နှင့် ပတ်သက်၍ အတွေ့အကြုံ ပြည့်ဝသူတစ်ဦးလည်း ဖြစ်သည်။ ၎င်းသည် မြန်မာနိုင်ငံနှင့် စင်ကာပူနိုင်ငံရှိ ဆက်သွယ်ရေး ကုမ္ပဏီများ၊ ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးဝန်ဆောင်မှု လုပ်ငန်းများ ဈေးကွက်နယ်ပယ်သို့ ဝင်ရောက်ခြင်းဆိုင်ရာ စီမံကိန်းများနှင့် ပတ်သက်၍လည်း အထူးကျွမ်းကျင်သူဖြစ်ပါသည်။

ဒေါ်စုစန္ဒာဇော်သည် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုကုမ္ပဏီဖြစ်သော Anthem Asia Myanmar တွင် Finance Director အဖြစ် ရင်းနှီးမြှုပ်နှံမှုစိစစ်အကဲဖြတ်ခြင်း၊ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီများ၏ ဖွံ့ဖြိုးတိုးတက်မှု များကို လုပ်ငန်းဆောင်ရွက်မှုအပိုင်းနှင့် မဟာဗျူဟာကျကျ ကြီးကြပ်စီမံခြင်း၊ ဘဏ္ဍာငွေစီမံခန့်ခွဲခြင်းတို့နှင့် ပတ်သက်၍ ယခင်က တာဝန်ယူဆောင်ရွက်ခဲ့ဖူးပြီး International Finance Corporation (IFC) နှင့် အနီးကပ်လုပ်ကိုင်ဆောင်ရွက်ခဲ့ဖူးသည်။ ဒေါ်စုစန္ဒာဇော်သည် ဘဏ်လုပ်ငန်းကဏ္ဍတွင် ၅ နှစ်မျှ အတွေ့အကြုံ ရှိပြီး ANZ Bank (မြန်မာဘဏ်ခွဲ) ကို ကိုယ်စားလှယ်ရုံးမှ ရုံးခွဲများအထိ အကူးအပြောင်းကာလအတွင်း ဦးစွာကူညီဆောင်ရွက်ပေးခဲ့ဖူးသူများအနက်မှ တစ်ဦးအပါအဝင်ဖြစ်သဖြင့် ဘဏ္ဍာရေးနှင့် လုပ်ငန်းလည်ပတ် ရေးစီစဥ်ဆောင်ရွက်ခြင်းနှင့် ပတ်သက်၍ နှံ့စပ်စွာ သိရှိနားလည်ပြီး စီစဥ်ဆောင်ရွက်သူများနှင့် ဟန်ချက်ညီစွာ ပူးတွဲလုပ်ကိုင်ဆောင်ရွက်ခဲ့သည်။ ဒေါ်စုစန္ဒာဇော်သည် စင်ကာပူနိုင်ငံတွင် Foods & Beverage sector (F& B Sector) နှင့် ပညာသင်ကြားရေးနယ်ပယ်တို့တွင် Financial Management နှင့်ပတ်သက်၍ ၈ နှစ်ကျော် အတွေ့အကြုံရှိသူလည်း ဖြစ်ပါသည်။

ဒေါ်စုစန္ဒာဇော်သည် ဝါဏ္ဏိဇဗေဒပညာဘွဲ့ရရှိထားသူဖြစ်ပြီး ဘဏ္ဍာရေးနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ မဟာဘွဲ့ရရှိထားသူလည်းဖြစ်သည်။ ၎င်းသည် ကမ္ဘာ့အဆင့် ၁၁ ဖြင့် Advanced Performance Management, ACCA UK ဆုကို မြန်မာနိုင်ငံကိုယ်စားပြု ပထမဆုရရှိသူလည်းဖြစ်သည်။ ၎င်းသည် United Kingdom ရှိ Association of Chartered Certified Accountants ၏ အသင်းဝင် member တစ်ဦးလည်းဖြစ်သည်။ ၎င်းသည် Myanmar Private Equity and Venture Capital Association ၏ Gender Lens ကော်မတီအဖွဲ့ဝင်ဖြစ်ပြီး မြန်မာနိုင်ငံရှိ အသေးစားနှင့် အလတ်စားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး နှင့် ပတ်သက်၍ mentoring session များတွင် စေတနာ့ဝန်ထမ်း ဆရာ (volunteer mentor) အဖြစ်လည်း သင်ကြားပြသပေးလျက်ရှိသည်။