ဒေါ်ခိုင်ခိုင်နွယ် (ရိုဆယ်လင်း) သည် အထည်ချုပ်လုပ်ငန်းကုမ္ပဏီတစ်ခုဖြစ်သည့် Best စက်မှုလုပ်ငန်း ကုမ္ပဏီလိမိတက်၏ လက်ထောက်စီမံခန့်ခွဲရေးဒါရိုက်တာ ဖြစ်ပါသည်။ သူမသည် မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း၏ အထွေထွေအတွင်းရေးမှူး၊ UMFCCI ၏ ဒုတိယ အထွေထွေ အတွင်းရေးမှူးချုပ်လည်းဖြစ်ပြီး UMFCCI ၏ လူမှုအကျိုးစီးပွားတာဝန်ယူမှု ကော်မတီနှင့် အလုပ်ရှင်/အလုပ်သမား ဆက်ဆံရေးနှင့် အလုပ်ရှင်အဖွဲ့အစည်း ကော်မတီတို့ကို ဦးဆောင်လျက်ရှိပါသည်။

ဒေါ်တင်မေဦးသည် မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင် (SECM) ၏ ကော်မရှင်အဖွဲ့ဝင်တစ်ဦးဖြစ်သည်။ သူမသည် SECM နှင့် ရန်ကုန်စတော့အိတ်ချိန်းတို့ကို တည်ထောင်ရာတွင် ပါဝင်ခဲ့ပြီး ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေးဥပဒေနှင့် သက်ဆိုင်ရာ စည်းမျဉ်းများကို မူကြမ်းရေးဆွဲရာတွင်လည်း ပါဝင်ခဲ့သည်။

၁၉၉၆ ခုနှစ်၌ မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေးစင်တာ ကုမ္ပဏီလိမိတက် (MSEC) ကို ဖွဲ့စည်းရန် တာဝန်ပေးအပ်ခြင်းမခံရမီတွင် သူမသည် စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှုအစီရင်ခံရေး ဦးစီးဌာနတွင် ၂၇ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၁၅ ခုနှစ်နှောင်းပိုင်းတွင် ရန်ကုန်စတော့အိတ်ချိန်းဖြင့် အစားထိုးခံလိုက်ရသည့် MSEC တွင် သူမသည် ဘုတ်အဖွဲ့အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ လက်ထောက် ဒါရိုက်တာနှင့် အလုပ်အမှုဆောင်ဒါရိုက်တာအဖြစ်လည်းကောင်း ထမ်းဆောင်ခဲ့ပါသည်။

ဦးသန့်စင်လွင်သည် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်ဖြစ်ပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အတွင်းရေးမှူးလည်း ဖြစ်ပါသည်။

စီမံကိန်း၊ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန (ယခင်က နိုင်ငံတော်စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန – MNPED) သို့ မရောက်မီ ၁၉၈၄ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ တပ်မတော်သားအဖြစ် စစ်မှုထမ်းခဲ့ပြီး စီမံကိန်းနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကိစ္စရပ်များကို ကြီးကြပ်ခဲ့သည်။ သူသည် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များအား ကြီးကြပ် ကွပ်ကဲရန်အတွက် ၂၀၁၆ ခုနှစ်မှစ၍ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) ၏ ဒုတိယ ညွှန်ကြားရေးမှူးချုပ်အဖြစ် ထမ်းဆောင်ခဲ့ပါသည်။

ဦးသန့်စင်လွင်သည် DICA ၏ ဒစ်ဂျစ်တယ်စနစ်သုံး၊ ဝန်ဆောင်မှုကို အဓိကထားသော အစိုးရအေဂျင်စီအဖြစ်သို့ ပြုပြင်ပြောင်းလဲသော လုပ်ငန်းစဉ်တွင် အရေးပါသောကဏ္ဍမှ ပါဝင်ခဲ့သည်။ သူသည် ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတို့နှင့် ပတ်သက်၍ ကွဲပြားစုံလင်သော အတွေ့အကြုံများစွာရှိသူ ဖြစ်ပါသည်။ ယခုလက်ရှိတွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများကို နိုင်ငံအတွင်းသို့ ဖိတ်ခေါ်ခြင်းဖြင့် နိုင်ငံ ဖွံ့ဖြိုးတိုးတက် လာစေရန်အတွက် မြန်မာ့ရင်းနှီးမြှုပ်နှံမှုအားပေးမြှင့်တင်ရေးအေဂျင်စီ၊ DICA ကို ဦးဆောင်လျက်ရှိပါသည်။

ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်သည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ၏ အကြံပေးပုဂ္ဂိုလ် ဖြစ်ပါသည်။ သူသည် ကုလသမဂ္ဂ ကမ္ဘာလုံးဆိုင်ရာသဘောတူညီချက်ကွန်ရက် မြန်မာ ၏ ဥက္ကဋ္ဌလည်းဖြစ်ပြီး စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအဖွဲ့အစည်း (OECD) တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းဆောင်ရွက်မှု၏ မြန်မာနိုင်ငံဆိုင်ရာ ဆက်သွယ်ရန်ပုဂ္ဂိုလ် ဖြစ်ပါသည်။

သူသည် ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် ဂုဏ်ထူးဆောင်ပါမောက္ခ (အငြိမ်းစား)၊ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ Payap တက္ကသိုလ်တွင် ဧည့်ပါမောက္ခ၊ ကနေဒါနိုင်ငံ ဗန်ကူဗာမြို့ရှိ ဗြိတိသျှကိုလမ်ဘီယာတက္ကသိုလ်တွင် ဂုဏ်ထူးဆောင်ပါမောက္ခ ဖြစ်ပါသည်။ ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်သည် ယခင်က သမ္မတ၏ စီးပွားရေးအကြံပေးပုဂ္ဂိုလ်ဖြစ်ပြီး သမ္မတ၏ နိုင်ငံတော်စီးပွားရေးနှင့် လူမှုရေးအကြံပေးကောင်စီအဖွဲ့ဝင် တစ်ဦးလည်း ဖြစ်ပါသည်။

ဦးစိုးဝင်းသည် Deloitte Touche Myanmar Vigour Advisory Ltd (မြန်မာနိုင်ငံ) ၏ ဌာနေ စီမံခန့်ခွဲရေးမိတ်ဖက် (Country Managing Partner) ဖြစ်ပါသည်။ National Westminster ဘဏ်နှင့် အင်္ဂလန်ဗဟိုဘဏ်တွင် လေ့ကျင့်သင်ကြားမှုခံယူရန်အတွက် အင်္ဂလန်နိုင်ငံသို့ မရောက်ရှိမီ ၁၉၆၁ ခုနှစ် တွင် အစိုးရပိုင် စီးပွားရေးဘဏ်တစ်ခု၌ လက်ထောက်မန်နေဂျာအဖြစ် စတင်လုပ်ကိုင်ခဲ့သည်။ ၁၉၉၀ ခုနှစ် တွင် လက်ထောက် နိုင်ငံခြားငွေကြေးလဲလှယ်မှု ထိန်းသိမ်းကြီးကြပ်သူ (မြန်မာ့နိုင်ငံခြားကုန်သွယ် မှုဘဏ်) အဖြစ်နှင့် ၁၉၉၃ ခုနှစ်တွင် အထွေထွေမန်နေဂျာအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရပါသည်။ သူ၏ ရာထူးသက်တမ်းအတွင်း၌ နိုင်ငံ၏ ဘဏ်လုပ်ငန်းဥပဒေများ၊ စည်းမျဉ်းများအပြင် ဘဏ္ဍာရေးမူဝါဒများကို မူကြမ်းရေးဆွဲရာတွင် ထဲထဲဝင်ဝင် ပါဝင်ခဲ့သည်။

၁၉၉၆ ခုနှစ်တွင် Pricewaterhouse Associates Ltd သို့ ရောက်ရှိခဲ့သည်။ ၂၀၀၃ ခုနှစ်တွင် Myanmar Vigour Co. Ltd. ကို တည်ထောင်ခဲ့သည်။ ထိုကုမ္ပဏီလိမိတက်သည် ၂၀၁၅ ခုနှစ်တွင် Deloitte ၏ အဖွဲ့ဝင်လုပ်ငန်းတစ်ခုဖြစ်လာခဲ့ကာ တစ်နှစ်အကြာတွင် Deloitte Touche Myanmar Vigour Advisory Ltd အနေဖြင့် Deloitte Touche Tohmatsu Ltd. နှင့် ဖက်စပ်လုပ်ငန်း ဖြစ်လာခဲ့သည်။ ဦးစိုးဝင်းသည် ရန်ကုန်မြို့ရှိ ဘားကောင်စီတွင် အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ပါသည်။

ဦးအောင်နိုင်ဦးသည် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၏ အမြဲတမ်း အတွင်းရေးမှူး ဖြစ်ပါသည်။

သူသည် ကုန်သွယ်ရေးဝန်ကြီးဌာနသို့မရောက်မီတွင် ၁၉၈၁ ခုနှစ်မှ ၂၀၀၀ ခုနှစ်အထိ စစ်မှုထမ်းခဲ့သည်။ ထို့နောက် ၂၀၁၁ ခုနှစ်တွင် DICA ၏ ဒုတိယညွှန်ကြားရေးမှူးချုပ်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရပြီး တစ်နှစ်အကြာတွင် ယခုလက်ရှိရာထူးသို့ တိုးမြှင့်ပေးခြင်း ခံခဲ့ရသည်။ ၂၀၁၄ ခုနှစ်၊ မေလမှစ၍ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အတွင်းရေးမှူးအဖြစ်လည်း ထမ်းဆောင်လျက်ရှိသည်။ သူသည် ရင်းနှီးမြှုပ်နှံမှုအတွက် မူဝါဒမူဘောင်များကို မွမ်းမံရာတွင် G-20 ညီလာခံ၏ ထောက်ခံမှုရခဲ့သော OECD အထူးလုပ်ငန်းအဖွဲ့၏ ပူးတွဲဥက္ကဋ္ဌ ဖြစ်ပါသည်။ အရှေ့တောင်အာရှနိုင်ငံများအသင်းအတွက် မြန်မာနိုင်ငံ၏ အကြီးတန်းစီးပွားရေးအရာရှိ ဖြစ်သည်နှင့်အညီ ASEAN ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုဆိုင်ရာ နိုင်ငံတကာ ဆွေးနွေးပွဲများနှင့် ပတ်သက်၍ အတွေ့အကြုံခိုင်ခိုင်မာမာလည်း ရှိပါသည်။

သူသည်မြန်မာနိုင်ငံ၏ဥပဒေကြပ်မတ်ရေးဝန်းကျင်ကိုတိုးတက်စေရေးအတွက်အခရာဖြစ်သောအခန်းကဏ္ဍမှပါဝင်လျက်ရှိပြီးမြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုစည်းမျဉ်း အသစ်များကိုအကောင်အထည်ဖော်ခြင်းဖြင့်နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကိုဆွဲဆောင်ဖိတ်ခေါ်ရန်ကြိုးစားလျက်ရှိပါသည်။ဦးအောင်နိုင်ဦးသည် အထူးစီးပွားရေးဇုန်ဥပဒေမူကြမ်းရေးဆွဲခြင်းနှင့်ကုမ္ပဏီ ဖွဲ့စည်းပုံနှင့်စီမံခန့်ခွဲမှုအားယနေ့ခေတ်နှင့်ကိုက်ညီအောင် ပြောင်းလဲစေမည်ဟုမျှော်မှန်း၍ မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေကိုပြန်လည်ရေးဆွဲခြင်းတို့တွင်ဦးဆောင်ခဲ့ပါသည်။