မြန်မာဒါရိုက်တာများအင်စတီကျု၏ အကြောင်း

မြန်မာဒါရိုက်တာများအင်စတီကျု (MIoD) ကို ၂၀၁၈ ခုနှစ်၊ မတ်လတွင် စတင်တည်​ထောင်ခဲ့ပြီး၊ ​ကော်ပိုရိတ်စီမံအုပ်ချုပ်မှုဆိုင်ရာ စံနှုန်းများနှင့် အ​ကောင်းမွန်ဆုံး အ​လေ့အထများကို အား​ပေးမြှင့်တင်​ပေး​သော သီးခြားလွတ်လပ်ပြီး အမှီအခိုကင်းသည့်အဖွဲ့အစည်းတခု ဖြစ်ပါသည်။

အင်စတီကျုကို မြန်မာနိုင်ငံရှိ စီးပွား​ရေး​ခေါင်း​ဆောင်များနှင့်​ ​ကောင်းမွန်​သော ​ကော်ပိုရိတ်အုပ်ချုပ်မှု ​ပေါ်​​ပေါက်လာ​စေရန် အ​ရေးဆို လှုပ်ရှား​ဆောင်ရွက်​နေကြသူများဖြင့် ဖွဲ့စည်းထားပြီး ကွဲပြားစုံလင်​သော အသင်းအဖွဲ့တခုဖြစ်ပြီး၊ ဘုတ်အဖွဲ့၏ ကျွမ်းကျင်ပိုင်နိုင်မှုကို တိုးတက်စေရန်၊ ကုန်သွယ်စီးပွားဆိုင်ရာ ကျင့်ဝတ်များနှင့် ပွင့်လင်းမြင်သာမှုကို မြှင့်တင်ရန်၊ ကော်ပိုရိတ်ခေါင်းဆောင်များနှင့် အကျိုးသက်ဆိုင်သူများအကြားတွင် ကွန်ရက်များချိတ်ဆက်ပေးနိုင်ရန်နှင့် ရင်းနှီးမြှုပ်နှံသူများ၏ မြန်မာနိုင်ငံ ပုဂ္ဂလိကလုပ်ငန်းကဏ္ဍအပေါ် ယုံကြည်မှုကို မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်ပါသည်။

 

quote img

ကျွန်ုပ်တို့၏ မျှော်မှန်းချက်

MIoD ၏ မျှော်မှန်းချက်မှာ ဒါရိုက်တာများ၏ ကျင့်ဝတ်ဆိုင်ရာတန်ဖိုးများ၊ ကော်ပိုရိတ်စီမံအုပ်ချုပ်မှု နှင့် အတတ်ပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတို့ကို အမြင့်ဆုံးအဆင့်သို့ မြှင့်တင်ပေးခြင်းအားဖြင့် မြန်မာနိုင်ငံအား တိုးတက်အားကောင်းလာစေရန်။

quote img

ကျွန်ုပ်တို့၏ တာဝန်

  • ထူးချွန်သောကော်ပိုရိတ် စီမံအုပ်ချုပ်မှုဆိုင်ရာ စံနှုန်းများနှင့် ယင်းစံနှုန်းများအား ကုမ္ပဏီများနှင့် အဖွဲ့အစည်းများမှ လက်တွေ့အသုံးချမှုကို အားပေးမြှင့်တင်ရန်။
  • အမြင့်ဆုံးကမ္ဘာ့အဆင့်ကျင့်၀တ်စံနှုန်းများနှင့်အညီ စီးပွားရေးနှင့် အဖွဲ့အစည်းများကို အုပ်ချုပ်နိုင်သည့် ထိရောက်သောခေါင်းဆောင်များအား မွေးထုတ်ရန်။
  • ဘုတ်အဖွဲ့များနှင့် ဒါရိုက်တာများ၏ စွမ်းရည်ပြည့်ဝမှု၊ ထိရောက်စွာလုပ်ငန်းဆောင်ရွက်နိုင်မှုနှင့် ကျွမ်းကျင်ပိုင်နိုင်မှုတို့ကို တိုးတက်ကောင်းမွန်စေရန်။
  • မြန်မာနိုင်ငံ၏ ပုဂ္ဂလိကကဏ္ဍနှင့် အရင်းအနှီးစျေးကွက်များအပေါ် ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုကိုမြှင့်တင်ရန်။

| ORGANISATIONAL STRATEGY

MIoD Strategy for Strength – Medium Term Strategy (2021 – 2023) [English]

MIoD ၏ ဒါရိုက်တာများဘုတ်အဖွဲ့၏ တည်ထောင်သူဥက္ကဋ္ဖြစ်သူ ဦးအောင်ဇော်နိုင်၏ အမှာစကား

President Image

မြန်မာနိုင်ငံတွင် ကော်ပိုရိတ် စီမံအုပ်ချုပ်မှုဆိုင်ရာ စံနှုန်းများနှင့် အလေ့အထများကို အားပေးမြှင့်တင်ရန်အတွက် ပထမဦးဆုံးသော ပုဂ္ဂလိကကဏ္ဍမှ ဦးဆောင်သည့် သီးခြားလွတ်လပ်၍ အမှီအခိုကင်းသော အဖွဲ့အစည်းဖြစ်သည့် မြန်မာဒါရိုက်တာများအင်စတီကျုကို စတင်တည်ထောင်လိုက်နိုင်သည့်အတွက် ကျွန်ုပ်တို့အနေဖြင့် ဂုဏ်ယူမိပါ သည်။

စျေးကွက်အလားအလာများစွာရှိသည့် စီးပွားရေးလုပ်ငန်းကောင်းများသည် ညံ့ဖျင်းသော စီမံခန့်ခွဲမှုနှင့် ကော်ပိုရိတ် ဖွဲ့စည်းတည်ဆောက်ပုံများကြောင့် သို့မဟုတ် မှန်ကန်သော ထိန်းချုပ်မှုနှင့် စနစ်များ ကင်းမဲ့ခြင်းကြောင့် မတိုးတက်နိုင်ဘဲ ဖြစ်နေသည်ကို မကြာခဏပင် တွေ့ရတတ်ပါသည်။ ထိုအချက်သည် မြန်မာနိုင်ငံ စီးပွားရေးတွင် အရေးပါသောကဏ္ဍမှ ပါဝင်နေသည့် မိသားစုစီးပွားရေးလုပ်ငန်းများအဖြစ် အစပျိုးခဲ့ပြီး အောင်မြင် ကြီးထွားလာသော ကုမ္ပဏီများအတွက် အထူးသဖြင့် မှန်ကန်နေပါသည်။ ထိုအခက်အခဲများကို ကျော်လွှား၍ ကျွန်ုပ်တို့၌ရှိသော အစွမ်းအစများကို ပြည့်ပြည့်ဝဝ အသုံးချနိုင်ရန်အတွက်မှာ ကော်ပိုရိတ် စီမံအုပ်ချုပ်မှုဆိုင်ရာ တည်ဆောက်ပုံများနှင့် အလေ့အထများကို တိုးမြှင့်ရန် လိုအပ်ပါသည်။

MIoD ၏ မျှော်မှန်းချက်မှာ မြန်မာနိုင်ငံတွင် ကော်ပိုရိတ် စီမံအုပ်ချုပ်မှုဆိုင်ရာ စံနှုန်းများကို တိုးတက်စေ၍ ဒါရိုက်တာများ၏ အတတ်ပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို အားပေးကူညီမည့် လမ်းသစ်ဖောက်လုပ်ပေးသော အဖွဲ့အစည်းတစ်ခုဖြစ်ရန် ဖြစ်ပါသည်။ မြန်မာကုမ္ပဏီများ၏ ဘုတ်အဖွဲ့များတွင် တာဝန်ထမ်းဆောင်ရန်အတွက် အရည်အချင်း ကောင်းစွာပြည့်မီသော ဒါရိုက်တာများကို မွေးထုတ်ပေးနိုင်ရန် ရည်ရွယ်ပါသည်။

ဤလုပ်ဆောင်ချက်သည် မြန်မာနိုင်ငံတွင် ဆက်လက်ဆောင်ရွက်နေဆဲဖြစ်သော စျေးကွက်ပြုပြင်ပြောင်းလဲမှုများ အတွက် အရေးပါအရာရောက်သည့် ခြေလှမ်းတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံသည် ကောင်းမွန်သော စီမံအုပ်ချုပ်မှုနှင့် တာဝန်ခံယူမှုရှိသော စီးပွားရေးဆောင်ရွက်မှုတို့ ပေါ်ပေါက်တွင်ကျယ်လာစေရန် မဆုတ်မနစ် ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း တစ်ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအသိုက်အဝန်းကို အသိပေးရာလည်းရောက်ပါသည်။

MIoD သည် အရေးပါသော စီမံအုပ်ချုပ်မှုဆိုင်ရာ ခေါင်းစဉ်များနှင့်ပတ်သက်သည့် လက်တွေ့သင်တန်းများနှင့် ဆွေးနွေးပွဲများကို သင်ကြားမှုအကြောင်းအရာစဉ် အစီအစဉ်မှတစ်ဆင့် ကျင်းပပေးပါသည်။ ထိုသင်တန်းများသည် ကုမ္ပဏီဒါရိုက်တာများအား ၎င်းတို့၏ ကုမ္ပဏီများတွင် လိုအပ်သော ကော်ပိုရိတ်စီမံအုပ်ချုပ်မှုဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ လုပ်နိုင်စေရန်အတွက် သက်ဆိုင်ရာ အသိပညာနှင့် နည်းကိရိယာများကို သင်ကြားပေးမည် ဖြစ်သည်။ ဒါရိုက်တာများကို နောက်ဆုံးပေါ် ကော်ပိုရိတ်စီမံအုပ်ချုပ်မှုဆိုင်ရာ နည်းလမ်းရပ်များအား အသိပေးရုံတင်မကဘဲ ဘုတ်အဖွဲ့ဆွေးနွေးချက်များနှင့် နှိုင်းချိန်စဉ်းစားချက်များကို စီမံခန့်ခွဲနိုင်စေရန် သင်ကြားပေးမည့် မြန်မာနိုင်ငံ ဒါရိုက်တာအသိအမှတ်ပြု သင်တန်းအစီအစဉ်လည်း ကျွန်ုပ်တို့တွင် ရှိပါသည်။

လေ့ကျင့်သင်ကြားပေးမှုနှင့် ပတ်သက်၍ အင်စတီကျုသည် ဆွေးနွေးပွဲများနှင့် ထုတ်ပြန်ကြေညာချက်များမှ တစ်ဆင့် အကောင်းမွန်ဆုံး အလေ့အထများကို မျှဝေရန်နှင့် မူဝါဒများအပေါ် သြဇာလွှမ်းမိုးရန်လည်း ရည်ရွယ်ပါ သည်။ အင်စတီကျုသည် ကုမ္ပဏီဘုတ်အဖွဲ့ဒါရိုက်တာရာထူးကို ပိုမို၍ ကျွမ်းကျင်ပိုင်နိုင် ပညာရှင်ပီသစွာ ထမ်းဆောင်နိုင်ကြစေရန် လုပ်ဆောင်နေပြီး ရာထူးတူသူများအကြား အတုံ့အလှယ်ပြုရန်နှင့် ကွန်ရက်ချိတ်ဆက်ရန် ပလက်ဖောင်းတစ်ခုအဖြစ် ဝန်ဆောင်မှုပေးပါသည်။

အမြဲအစဉ် ပိုမိုကြီးထွားဖွံ့ဖြိုးလာကာ မျိုးဆက်ပေါင်းများစွာကြာအောင် တည်တံ့သော စီးပွားရေးလုပ်ငန်းများကို ကျွန်ုပ်တို့အားလုံး တည်ဆောက်လိုကြပါသည်။ ထိုသို့တည်ဆောက်ရန်မှာ ကျွန်ုပ်တို့အားလုံး အတူတကွ လုပ်ဆောင်ကြရန် လိုအပ်ပြီး အတုယူဖွယ်သင်ခန်းစာများကို မျှဝေကာ ကောင်းမွန်သော ကော်ပိုရိတ်စီမံအုပ်ချုပ်မှု ဆိုင်ရာ စံနှုန်းများနှင့် အလေ့အထများကို ကျင့်သုံးကြရမည် ဖြစ်ပါသည်။ ယင်းသည် သာယာလှပသော ကျွန်ုပ်တို့နိုင်ငံ၏ ပုဂ္ဂလိကကဏ္ဍ၏ အစဉ်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို အားပေးကူညီရန် အကောင်းဆုံးသောနည်းလမ်း ဖြစ်ပါသည်။

စစ်မှန်စွာဖြင့်
အောင်ဇော်နိုင်
MIoD ၏ ဥက္ကဋ္ဌ