ဒေါ်မူယာလန်းဘက်

ဒေါ်မူယာလန်းဘက်သည် ဖွံ့ဖြိုးပြီးနှင့် ပေါ်ထွန်းစစျေးကွက် ဘဏ်လုပ်ငန်းနယ်ပယ်များနှင့် ပတ်သက်၍ အတွေ့အကြုံရှိသော သမ္ဘာရင့် စီးပွားရေးဘဏ်လုပ်ငန်း အလုပ်အမှုဆောင်နှင့် စီမံခန့်ခွဲရေးအကြံပေးတစ်ဦး ဖြစ်ပါ သည်။ သူမသည် ဆုံးရှုံးမှုအန္တရာယ်လျှော့ချရေး၊ ကုန်သွယ်ဘဏ္ဍာရေး၊ ကော်ပိုရိတ်ငွေချေးငှားမှု၊ ပေါင်နှံခြင်း အာမခံ၊ ကိုယ်ပိုင်ရင်းနှီးမြှုပ်နှံမှုအစုစု စီမံခန့်ခွဲရေးနှင့် ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းတို့ အပါအဝင် စီးပွားရေးဘဏ်လုပ်ငန်းနယ်ပယ်အများအပြားတွင် ၁၄ နှစ်ကျော် အတွေ့အကြုံရှိပါသည်။

မူယာသည် IFC နည်းစနစ်ပိုင်းဆိုင်ရာ အထောက်အပံ့နှင့် ရင်းနှီးမြှုပ်နှံငွေတို့အား အဓိက လက်ခံရရှိသူဖြစ်သည့် မြန်မာဘဏ်တစ်ခုတွင် အာမခံချေးငွေ၊ ကုန်ပစ္စည်းသစ် ဖန်တီးမှုနှင့် ကုန်သွယ်ဘဏ္ဍာရေးဌာန၏ အကြီးအကဲ အဖြစ် ၂၀၁၆ ခုနှစ်မှ ၂၀၁၈ အထိ အလုပ်လုပ်ကိုင်ခဲ့သည်။ ဤရာထူးတွင် သူမသည်  IFC က အထောက်အပံ့ ပေးနေသော စီမံကိန်းများအား အကောင်အထည်ဖော်ခြင်းအတွက် ဘဏ်၏ အကြီးတန်း တာဝန်ရှိသူအနေဖြင့် လုပ်ကိုင်ခဲ့သည်။ ထိုအချိန်မှစ၍ သူမသည် အာဟာရချို့တဲ့နေသော ကလေးသူငယ်များ၏ မိခင်များကို ကူညီရန်အတွက် တိုက်ရိုက်ငွေပေးအပ်မှုစီမံကိန်းတစ်ခုကို အကောင်အထည်ဖော်ခြင်းနှင့် ဝန်ဆောင်မှုသုံးစွဲသူ ပြည်တွင်းဘဏ်တစ်ခုအတွက် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဆိုင်ရာ ငွေကြေးထောက်ပံ့မည့် စီမံကိန်းတစ်ခုကို ဒီဇိုင်းရေးဆွဲခြင်းနှင့် အကောင်အထည်ဖော်ခြင်းတို့ကို နိုင်ငံပေါင်းစုံမှ အဖွဲ့အစည်းအမျိုးမျိုးနှင့်အတူ လုပ်ကိုင်လျက် ရှိပါသည်။

မြန်မာနိုင်ငံသို့ ပြန်မလာမီတွင် မူယာသည် ဆုံးရှုံးမှုအန္တရာယ်လျှော့ချရေးနှင့် အာမခံပေးသည့် အမေရိကန်ဘဏ်ကြီးများတွင် အဓိကအားဖြင့် အလုပ်လုပ်ကိုင်ခဲ့သည်။ ထိုရာထူးများတွင် သူမသည် ချေးငွေဆုံးရှုံးမှုအန္တရာယ်ကို လျော့ပါးစေရန်အတွက် စေ့စပ်စွာစုံစမ်းစစ်ဆေးခြင်း စီမံကိန်းများကို ချမှတ်ရေးဆွဲ အကောင်အထည်ဖော်ခဲ့ပြီး ပေါင်နှံချေးငှား၍ ရင်းနှီးမြှုပ်နှံမှုများကို ဖန်တီးခြင်း၊ ငွေထောက်ပံ့ခြင်း၊ ဝန်ဆောင်မှုပေးခြင်းနှင့် အစိုးရပိုင်နှင့် ပုဂ္ဂလိကကဏ္ဍ စီးပွားရေးလုပ်ငန်းများထံသို့ ရောင်းချခြင်းတို့တွင်လည်း ပါဝင်ခဲ့သည်။

လုပ်ဖော်ကိုင်ဖက်များနှင့် ပြင်ပအဖွဲ့အစည်းများအား ကော်ပိုရိတ် စီမံအုပ်ချုပ်မှု၊ ဥပဒေကြပ်မတ်ရေး စံနှုန်းများ၊ ဆုံးရှုံးမှုအန္တရာယ်လျှော့ချခြင်း၊ ဘဏ္ဍာရေးစီမံခန့်ခွဲမှုနှင့် နည်းပညာဆိုင်ရာစီမံကိန်း အကောင်အထည်ဖော်ခြင်းတို့ အပါအဝင် အခြားသက်ဆိုင်ရာ အရေးကိစ္စများအကြောင်း လေ့ကျင့်သင်ကြားပေးခြင်းသည် ဝန်ထမ်းနှင့် အကြံပေးဖြစ်သော မူယာ၏ အဓိကတာဝန်တစ်ရပ်ပင် ဖြစ်ပါသည်။ မူယာသည် ရန်ကုန်တက္ကသိုလ်မှ ရူပဗေဒ ဘာသာရပ်ဖြင့် B.Sc. ဘွဲ့ ရရှိခဲ့ပြီး အာရှနည်းပညာအင်စတီကျု (ထိုင်းနိုင်ငံ) မှ MBA ဘွဲ့ ရရှိခဲ့ပါသည်။